Myanmar

Clearing House Mechanism

“အမျိုးသမီးတောခေါင်းများအထူးသင်တန်း” ဖွင့်လှစ်ခြင်း

“အမျိုးသမီးတောခေါင်းများ အထူးသင်တန်း” ကို မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်း ဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန (CFTDC) ၊ မှော်ဘီမြို့၌ ဖေဖော်ဝါရီလ (၃) ရက်နေ့က ဖွင့်လှစ်ခဲ့ပါသည်။ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ ဖွင့် လှစ်သော “အမျိုးသမီးတောခေါင်းများအထူးသင်တန်း” ဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီး ဌာနမှ ဦးကျော်ကျော်လွင် ၊ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို ဖေဖော်ဝါရီ လ (၃) ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိ ဖွင့်လှစ်ပို့ ချခဲ့ပြီး သင်တန်းသို့ ဝန်းကျင်/သားငှက်ဌာန၊ ညွှန်ကြားရေးမှူးရုံး နှင့် ဥယျာဉ်/ဘေးမဲ့တော (၆) ခု မှ တောခေါင်းအမျိုးသမီးဝန်ထမ်း (၁၂) ဦး တက်ရောက်သင်ကြားခဲ့ပါသည်။ သင်တန်းအား သစ်တောဦးစီးဌာန၏ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ မူဝါဒများ၊ ရည်မှန်းချက်များ အောင်မြင်စေရန်၊ သစ်တောဝန်ထမ်းများအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေးနယ်မြေများဆိုင်ရာပညာရပ်များကို စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက် စေရန်၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များအား အခြေခံမှ တန်းမြင့်အထိ အဆင့်ဆင့် သင်ကြားလေ့ကျင့်စေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

 

သင်တန်းသို့ ဥယျာဉ်/ဘေးမဲ့တော (၆) ခု မှ တောခေါင်းအမျိုးသမီးဝန်ထမ်း (၁၂) ဦးတို့ တက်ရောက်ပြီး သင်တန်းဆရာများအဖြစ် ညွှန်ကြားရေးမှူးရုံး (ဝန်းကျင်/သားငှက်ဌာန) မှ ဝန်ထမ်း (၉) ဦး၊ ဥယျာဉ်/ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူး(၅)ဦး၊  သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး (ဘဏ္ဍာရေးဌာန) မှ (၁)ဦး၊ သစ်တောသုတေသနဌာနမှ ဝန်ထမ်း(၁) ဦး၊ CFTDC (မှော်ဘီ) မှ ဝန်ထမ်း (၃) ဦး၊ သားငှက်ထိန်းသိမ်းရေးဌာန(WCS) မှ ဝန်ထမ်း(၆) ဦး၊ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များအသင်း(MBNS) မှ ဝန်ထမ်း(၁) ဦးတို့က သင်တန်းပို့ချခဲ့ကြ ပါသည်။