Myanmar

Clearing House Mechanism

မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် Ramsar Site အဖြစ် နံ့သာကျွန်း နှင့် မေယုမြစ်ဝကို သတ်မှတ်

၁။   ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့ တွင် ကျရောက်သည့် International Day for Biodiversity Day  ၌  မြန်မာနိုင်ငံ၏ ဆဋ္ဌမမြောက် Ramsar Site အဖြစ် နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ထပ်မံ အသိအမှတ်ပြု သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။ နံ့သာကျွန်းနှင့် မေယုမြစ်ဝ ရမ်ဆာ‌ရေဝပ်ဒေသသည် မြန်မာနိုင်ငံ၊ ရခိုင် ပြည်နယ်၏ အနောက်ရိုးမ ပင်လယ်ကမ်းရိုးတန်းဒေသတွင် တည်ရှိပါကြောင်းနှင့် ၎င်းရမ်ဆာ ဒေသတွင် ရေချိုရေငံစပ်၊ ပင်လယ်ကမ်းတိမ်ပိုင်း၊ ကျောက်ဆောင်ကျောက်တန်း များနှင့် ဒီရေတောများ ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင် Ramsar Site (၆)ခု ရှိလာပြီဖြစ်ပါသည်။

၂။       ရိယာအားဖြင့် ၈၉၀၀ ဧက ခန့်ကျယ်ဝန်းပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၁−၁၀−၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၁၂/၂၀၁၉) ဖြင့် “နံ့သာကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် သတ်မှတ်ရန် ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည့် နေရာဖြစ်ပါသည်။ အမျိုးသားဥယျာဉ်သတ်မှတ်ခြင်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ကြေးတိုင်လုပ်ငန်းများ ပြီးစီးပြီးဖြစ်ကာ အထက်အဆင့်သို့ တင်ပြနိုင်ရန် ပြည်ထောင်စုဝန်ကြီးရုံးမှ စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

၃။      အဆိုပါနံ့သာကျွန်းနှင့်မေယုမြစ်ဝဒေသသည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိပြီး အစာရေစာ ထုတ်လုပ်နိုင်စွမ်း မြင့်မားသော အဏ္ဏဝါဂေဟစနစ် ဖြစ်ပါသည်။ မျိုးသုဉ်းရန် လုံးဝအန္တရာယ် ကျရောက်နိုင်သော ရေညှောင့်နှုတ်ဝိုင်းငှက် (Calidris pygmaea) တို့ လာရောက်ဆောင်းခိုလေ့ရှိရာ ယင်းမျိုးစိတ်အတွက် ကမ္ဘာ့နောက်ဆုံး ကျန်ရှိတော့သည့် ဆောင်းခိုနေရာများအနက်တစ်ခု အပါအဝင် ဖြစ်ပြီး ၎င်းဒေသတွင် ယင်းငှက်မျိုးစိတ် ၅% အထက် နှစ်စဉ် တွေ့ရှိရမှုအား မှတ်တမ်းတင်နိုင်ခဲ့ပြီး အခြား မျိုးသုဉ်းရန် အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ်များဖြစ်သည့် ပြင်သာလိပ် (Chelonia mydas)၊ လိပ်လှောင်း (Lepdochelys olivacea) နှင့် လိပ်စောင်းလျား (Dermochelys coriacea) တို့ ကျက်စား ဥအုလေ့ရှိသည့် နေရာတစ်ခုလည်း  ဖြစ်သည်။

၄။      နံ့သာကျွန်းနှင့် မေယုမြစ်ဝအား ရမ်ဆာကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက် (၉) ခုအနက် စံသတ်မှတ်ချက် (၅) ချက်နှင့် ကိုက်ညီသည့်အတွက် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ်  သတ်မှတ်ခံရခြင်း ဖြစ်သည်။ ၎င်းစံသတ်မှတ်ချက် (၅) ခုမှာ ရွံ့နွံ လတာပြင် များဖြင့် ထူးခြားကောင်းမွန်သည့် သဘာဝရေဝပ်ဒေသအမျိုးအစားဖြစ်ခြင်း၊ မျိုးသုဉ်းလုနီးပါး အန္တရာယ် ကျရောက်လျက်ရှိသော ရေညှောင့်နှုတ်ဝိုင်းငှက် နှစ်စဉ် ကောင်ရေ ၂၂-၃၄ ကောင်ခန့် လာရောက် ကျက်စားလျက် ရှိပြီး အခြားရှားပါးမျိုးစိတ်များဖြစ်သော နော့ (Calidris tenuirostris) ၊ နှုတ်သီးရှည်မြီးမဲ (Limosa limosa) ၊ နှုတ်တိုရှည်ငှက် (Rynchops albicollis) ၊ ခြေစိမ်းပြောက် (Tringa guttifer) နှင့် တောငန်းခေါင်းကြား (Anser indicus) စသည့် ရွှေ့ပြောင်းငှက်များလည်း လာရောက်ဆောင်းခိုသည့်နေရာဖြစ်သည့်အပြင် ကမ္ဘာနှင့် အဝှမ်း မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသည့် ပင်လယ်လိပ်မျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်စောင်းလျားနှင့် လိပ်လှောင်းတို့ ဥ အု ကျက်စားသည့် နေရာဖြစ်ခြင်း၊ ယင်းသို့ ဆောင်းခို ငှက်များ ရွှေ့ပြောင်းကျက်စားခြင်းနှင့် ပင်လယ်လိပ်များ တက်ရောက် ဥ အုခြင်းတို့ကြောင့် မျိုးသုဉ်းသည့်အန္တရာယ်နှင့် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၏ ဇီဝစက်ဝန်းအရ အရေး ပါသည့် နေရာဖြစ်ခြင်း၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ ခြေစိမ်းပြောက်နှင့် တောငန်းခေါင်းကြား စသည့် ရှားပါးငှက်များ ကမ္ဘာ့စုစုပေါင်းကောင်ရေ၏ ၁ % ကျော် လာရောက်ကျက်စားသည့် နေရာ ဖြစ်ခြင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေရောက် သစ်တောများသည် ငါး၊ ပုဇွန်၊ ဂဏန်း စသည့် အဏ္ဏဝါမျိုးစိတ်များ သားပေါက် ရှင်သန် ကျက်စားရာနေရာ ဖြစ်ခြင်းတို့ကြောင့် သတ်မှတ်ခံရခြင်း ဖြစ်သည်။

၅။ ၎င်းဒေသတွင် ဆောင်ရွက်သည့် ရေလုပ်ငန်းများသည် ဒေသခံပြည်သူများ၏ လူနေမှု ဘဝအပေါ် များစွာ အကျိုးသက်ရောက်လျက်ရှိပြီး စိုက်ပျိုးရေး လုပ်ငန်းနှင့် ရေလုပ်ငန်း ဆိုင်ရာ ညစ်ညမ်းမှုပြဿနာရပ်များ၊ အမဲလိုက်ခြင်းနှင့် ကုန်းနေသတ္တဝါများနှင့် ရေသတ္တဝါ များ စုဆောင်းခြင်း စသည့် ခြိမ်းခြောက်မှုများ ကျရောက်လျက် ရှိပါသည်။ အဆိုပါ ရမ်ဆာရေဝပ်ဒေသအား စနစ်တကျ ကာကွယ်ထိန်းသိမ်းနိုင်ရန်  သဘာဝထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်နိုင်ရေး  သစ်တောဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

၆။     ရေဝပ်ဒေသတွင် မြစ်ချောင်းအင်းအိုင်များ၊ မြေအောက်ရေအောင်းလွှာများ၊ ညွှန်ပျောင်းနှင့် စိမ့်မြေ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ သဘာဝသစ်ဆွေးမြေများ၊ မြစ်ဝများ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်သည့် လွင်ပြင်များ၊ ဒီရေ တောများ၊ ကမ်းရိုးတန်းရှိ အခြားနေရာများ၊ သန္တာကျောက်တန်းများနှင့် လူတို့ဖန်တီးထားသည့် ငါး၊ ပုဇွန်ကန်များ၊ စပါးကွင်းများ၊ ရေလှောင်ကန်များနှင့် ဆားတွင်းများ ပါဝင်ပါသည်။

၇။      ရေဝပ်ဒေသများသည် လူသားများအတွက် မရှိမဖြစ်ိုအပ်သည့် အစားအစာ၊ ရေ နှင့် အခြားသော သယံဇာတအရင်းအမြစ်များစွာကို ထောက်ပံ့ပေးလျက်ရှိပြီး ရွှေ့ပြောင်းရေပျောက်ငှက်များ၊ ရှားပါးမျိုးစိတ်များနှင့် လူတို့အတွက် ရေးပါသော သက်ရှိမျိုးစိတ်များ အဓိက ကျက်စားရာ ဒေသတစ်ခုလည်းဖြစ်ပါသည်။ ရေဝပ်ဒေသများသည် ရေကို သန့်စင်ပေးခြင်း၊ ဆားငံရေဝင်ရောက်မှုကို တားဆီးပေးခြင်း၊ နှုန်းအနယ်အနှစ်များ ကျရောက်ခြင်းမှ တားဆီးပေးခြင်း၊ ရာသီဥတုပြောင်းလဲမှု လျော့ချခြင်း စသည့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးကို ပံ့ပိုးပေးလျက်ရှိသည့်အပြင် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း စသည့် လူမှုစီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးကျေးဇူးများကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးလျက်ရှိပါသည်။

၈။        မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀၀၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် စတင်ဝင်ရောက်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံမဖြစ်မီကပင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်တို့အတွင်း ကျရောက်သည့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို Ramsar Site အဖြစ် သတ်မှတ်ခံခဲ့ရသဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး Ramsar Site ဖြစ်လာခဲ့ပါသည်။

ထို့နောက် ၂၀၁၅ ခုနှစ်မှ စ၍ Ramsar Siteများ သတ်မှတ်ခံရရန် ကြိုးပမ်းခဲ့ရာ−

၂၀၁၆ ခုနှစ်တွင် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊

၂၀၁၇ ခုနှစ်တွင် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊

၂၀၁၈ ခုနှစ်တွင် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့်

၂၀၂၀ ပြည့်နှစ်တွင် မုတ္တမပင်လယ်ကွေ့ဒေသ တို့အား ဆက်တိုက်သတ်မှတ်ခြင်း ခံခဲ့ရပါသည်။

၉။       ၁၉၇၁ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ ရေဝပ်ဒေသများနှင့် ရေပျော်ငှက်မျိုးစိတ်များကို ရေရှည်တည်တံ့စေရေး ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အီရန်နိုင်ငံ၊ ရမ်ဆာမြို့၌ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များမှ ကွန်ဗင်းရှင်းတစ်ခုကို စတင် တည်ထောင်ခဲ့ ကြပါသည်။ ကမ္ဘာ့အဆင့် အရေးပါသည့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးကွန်ဗင်းရှင်း  Ramsar Convention -Convention on Wetlands ဟု ခေါ်ပါသည်။ ကွန်ဗင်းရှင်းအား အီရန်နိုင်ငံ၊ ရမ်ဆာမြို့တွင် လက်မှတ်ရေးထိုးခဲ့သည့် အတွက် ရမ်ဆာ ကွန်ဗင်းရှင်းဟု အမည်ခေါ်တွင်ခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၀ ရှိပြီး အစိုးရအချင်းချင်း သဘောတူညီချက်ဖြစ်ကာ ဆွစ်ဇာလန်နိုင်ငံ၊ Gland မြို့တွင် ရုံးစိုက်ပါသည်။

၁၀။        ရမ်ဆာကွန်ဗင်းရှင်း၏ အဓိကမဏ္ဍိုင် (၃)ခု (Ramsar Convention’s Three Pillars)မှာ အောက်ပါအတိုင်း ဖြစ်ပါသည်−

(က)   ရေဝပ်ဒေသများအား အကျိုးရှိစွာ အသုံးချနိုင်ရန် ဆောင်ရွက်ခြင်း၊

( ခ )    နိုင်ငံတကာအဆင့်အရေးပါသည့် ရမ်ဆာရေဝပ်ဒေသထိန်းသိမ်းရေးနယ်မြေ (Ramsar Site)များ သတ်မှတ်ခြင်းနှင့်

(ဂ  )     နယ်နိမိတ် ထိစပ်လျက်ရှိသော ရေဝပ်ဒေသများနှင့် ယင်းတွင် ကျက်စားသည့် မျိုးစိတ်များအား ထိထိရောက်ရောက် စီမံအုပ်ချုပ်ခြင်းနှင့် နိုင်ငံတကာ ပူးပေါင်းထိန်းသိမ်းခြင်း။