မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ သဘာဝထိန်းသိမ်းရေးနယ်မြေ(၄၄)ခု သတ်မှတ်ဖွဲ့စည်းထားရှိပြီး နိုင်ငံဧရိယာ၏ ၅.၈၅ % ဖြစ်ပါသည်။ ဖွဲ့စည်းတည်ထောင်ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ (၄၄)ခုအနက် အာဆီယံဒေသအတွင်း ဇီဝမျိုးစုံမျိုးကွဲ၊ ဂေဟစနစ်နှင့် ယဉ်ကျေးမှုတို့အရ အာဆီယံအမွေအနှစ်ဥယျာဉ်များ (ASEAN Heritage Park−AHP) များအနေဖြင့် အသိအမှတ်ပြုသတ်မှတ်ခြင်းခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၇)ခုမှာ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ နတ်မတောင်အမျိုးသားဥယျာဉ်၊ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်၊ အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောနှင့် မိန်းမလှကျွန်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့ဖြစ်ကြပါသည်။
ထို့အပြင် ရမ်ဆာကွန်ဗင်းရှင်း(Ramsar Convention) ဟု လူသိများသည့် ရေဝပ်ဒေသများ ကွန်ဗင်းရှင်းမှ နိုင်ငံတကာအဆင့် အရေးပါသည့် ရမ်ဆာရေဝပ်ဒေသ(Ramsar Site)အဖြစ် သတ်မှတ်ခံထားရသည့် သဘာဝထိန်းသိမ်းရေးနယ်မြေ(၅)ခုရှိပြီး၊ ၎င်းတို့မှာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မုတ္တမပင်လယ်ကွေ့ဒေသ(မွန်ပြည်နယ်အပိုင်း) နှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် ရာသီရွေ့ပြောင်း ကျရောက်ကျက်စားသည့် ကမ္ဘာ့ရွှေ့ပြောင်းငှက်မျိုးစိတ်များအတွက် အရေးကြီးသည့် အရှေ့အာရှ-သြစတြေးလျ ပျံသန်းလမ်းကြောင်း (East-Asian Australasian Flyway) နှင့် ဗဟိုအာရှဒေသ ပျံသန်းလမ်းကြောင်း (Central Asian Flyway) တို့တွင်လည်း ကျရောက်လျက်ရှိပါသည်။
သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းတွင် ဒေသခံပြည်သူများပါဝင်မှု၊ ထောက်ခံအားပေးမှုတို့အား မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ် (Man and Biosphere Reserve-MAB)အဖြစ် အင်းလေးကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော နှင့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သတ်မှတ်ခံထားရပြီးဖြစ်ပါသည်။